Thursday 28 April 2011

စာရေးသူ၏ အမှာစာ

ဆရာတော်ဦးဥတ္တမ၏ အကြောင်းအရာကို စုပေါင်းရှာဖွေရေးသားရသည့်အတွက် ကျွန်ုပ်ဆောင်ရွက်ချက်နေသော တာဝန်တစ်ခုကို ဆောင်ရွက်လုပ်ကိုင်လိုက်ရသဖြင့် အလွန်ပင်နှစ်ထောင်အားရရှိပြီးလျှင် ဤစာအုပ်ကိုမှ ရွေးချယ်ပြီး ကျွန်တော့်ထံတာဝန်ပေးအပ်လာသော သမာမိတ္တ (အပြည်ပြည်ဆိုင်ရာပညာရေးဖြန့်ချိရေးဌာန) အား အထူးပင်ကျေးဇူးတင်ရှိပါသည်။

ဆရာတော်ဦးဥတ္တမ၏အကြောင်းကို ရှာဖွေစုဆောင်းသောအခါတွင် ပညာကို ကုတ်ကုတ်ကပ်ကပ် ကြိုးစားရှာဖွေ ဆည်းပူးတော်မူရခြင်းတည်းဟူသော ပညာပါရမီ၊ ရဟန်းဘ၀၌ ပျော်ပိုက်နှစ်သက်ခြင်းဟူသော နက္ခမပါရမီ၊ ဒေါသအဃာတကို လုံးဝပယ်ပြီး ရဟန်းတော်၏ မွန်မြတ်သိမ်မွေ့စွာ မြင်တွေ့သမျှ အန္တရာယ်ကို သည်းခံတော်မူလျက် ကျင့်သုံးခြင်းဟူသော ခန္တီပါရမီ၊ ဤပါရမီ(၃)့ရပ်ကို ကိုယ်တော်ကြီးသည် နှစ်ထောင်းဝမ်းသာရှာဖွေ ဆည်းပူးတော်မူသည်ကို တွေ့ရ၏။

ဘုရားအလောင်းရွှေသမင်းသည် ကိုယ်ဝန်အရင့်အမာရှိနေသော သမင်မနှင့် မွေးလတ္တံ့သော သမင်ငယ်ကလေးတို့၏အသက်ကို မိမိအသက်နှင့်လဲလှယ်ကယ်ရအံ့၊ ကယ်ဆယ်နိုင်တော့အံ့ဟုသိလျှင်ပင် အားရ၀မ်းသာ မကြုံစဖူး ကြုံကြိုက်ရသော အလွန်မြင့်မြတ်သော အခွင့်အရေးကို ရပြီးဟု အားရလျှက် စဉ်းတီတုံးပေါ်တွင် မိမိလည်ပင်းကိုစင်၍ ခံတော်မူသည်။

ဤသို့ခံလိုက်သည်ကို အကြောင်းပြု၍ ရေမြေတောတောင် သမုဒ္ဒရာအတွင်းရှိမျှ သက်ရှိသတ္တ၉ါတို့၏ အသက်သည် ဘေးမဲ့ရကြလေသည်။ ငါသည် ဤသို့သော အခွင့်အရေးမျိုး ကြုံကြိုက်လာက ဆောင်ရွက်ချင်လှပါသည်ဟု အဓိဌာန်ရှိပင်ရှိခြားလည်း ဤအခွင့်အရေးမျိုးကိုကားကြုံကြိုက်ခဲလှ၏။

လူဦးရေ တစ်ကုဋေ၌ တစ်ယောက် ကြုံကြိုက်ခဲလှ၏ နှစ်ပေါင်းတစ်ကုဋေတွင် တစ်ခါဖြစ်ခဲ၏။

ကြုံကြိုက်လာပါသော်စွန့်စားနိုင်ခဲလှ၏။

ဆရာတော်ဦးဥတ္တမကား အပေါ်ယံ ဂုဏ်ပကာသနဆို၍ ဘာမှမပါဘဲလျှက် နှစ်ပေါင်း ၂၀ ကျော်မျှ ဤသို့သော အခွင့်အရေးမျိုးကို လိုလားသဖြင့် ကမ္ဘာကိုလှည့်ပတ်ပြီး ရှာဖွေခဲ့ပြီးမှ ကြုံကြိုက်တော်မူရသော ပုဂ္ဂိုလ်ထူးဖြစ်၍ အံ့ဖွယ်သည်းကောင်းလှ၏။

ကြည်ညိုဖွယ်လည်း ကောင်းလှ၏။ ထိုထက် ဆရာတော်၏အတ္ထုပ္ပတ္တိကို စုဆောင်းရေးသားရသည်မှာ လူပုဂ္ဂိုလ် ရာဇ၀င်ကျော်တို့၏ အကြောင်းကိုရေးသားရသည်နှင့် လုံးဝမတူ။

မကောင်းမှုတွေကိုပယ်ပြီး ဦးပြည်းခေါင်းတုံးနှင့် သစ်ခေါက်ဆိုးကိုဝတ်ကာ ခြိုးခြံမှုဟူသော ကျင့်ဝတ်သည်ပင်လျှင် ရဟန်းသူတော်သူမြတ်တို့အတွက် ကျက်သရေနှင့် အရောက်အ၀ါ ထွန်းလင်းတောက်ပသော ဘယက်တန်ဆာ ဒွါဒရာသဘွယ် ဆင်မြန်းပေးရမည်ကို သတိပြုမည် ဖြစ်ည်။

ဦးဘိုးစိန်ကဲ့သို့ ပုဂ္ဂိုလ်သည် ချောမွေ့လှပသော မင်းသမီးနှင့် သစ္စာထား ကြည်စယ်ပုံကို အနုပညာမြောက် ချဲ့ထွင်အမွှန်းတင်ဖို့သည် ရေးသူ၏တာဝန်ဖြစ်သကဲ့သို့ မြင်မြင်သမျှ သင်္ခါရတရားတို့၏ ဖောက်ပြန် ပျက်စီးခြင်းကို ရှုတတ်သည့် ၀ိပဿနာဉာဏ်နှင့်ယှဉ်သော ဆရာတော်၏ အဓိ မောက္ခနိ ရောဓညာဏသမ္ပယုတ်ကို ဖော်ပေးနိုင်ဖို့သည် ရေးသောသူ၏ တာဝန်ဖြစ်သည်ကို သတိပြုရမည်ဖြစ်သည်။

သို့ဖြစ်ရာ ဆရာတော်၏ သြ၀ါဒ၊ ဆရာတော်၏ ကျင့်ကြံမှုဟူသမျှတွင် ထို့သို့သော သပသန သဘောကို သက်ဝင်အောင် ကြိုးစားပြုစုရေးသားရ၍ ကျွန်တော်မှာ ပိုပြီးပီတိ သောမနဿ ပွားများသင့်ရပြန်ပါ၏။

မန်လည်ဆရာတော်ကြီး “ မာဃဒေ၀” ပျို့တွင် ( လူသော်လူကျင့်၊ လူနှင့်သင်၏၊ ရှင်နှင့်မလျှော်၊ ရှင်သော်နှင့်ကျင့်၊ ရှင်နှင့်သင့်၏၊ လူနှင့်မရာ) ဟူ၍ ဆိုထား၏။

ရှင်နှင့်လျှော်မည့်သဘောကို စိတ်စောမှတ်ယူပြီး ရေးသားရသည်ဖြစ်ရာ သိင်္ဂါရ ရဿအနုဌာယီဘာဝ တို့မှ ကင်းရှင်းနိုင်သမျှ ကင်းရှင်းခြင်းသည်ပင်လျှင် ရေးသူ၌ တာဝန်ကျေပွန်သည်ဟု သဘောရပါသည်။ ပူဇာစ ပူစနေယျာနံ ဟူသော မင်္ဂလာတရားတော်အတိုင်း ကျွန်တော်မှာကား ပူဇော် ထိုက်သော ပုဂ္ဂိုလ်တပါးအား နှစ်နှစ်ခြိုက်ခြိုက် အားရရွှင်ပြစွာနှင့် ပူဇော်လိုက်ရပြီးဖြစ်သောကြောင့် ဤစာအုပ်ကိုဖတ်ရှုခြင်းဖြင့် ပူဇော်ထိုက်သူကို ပူဇော်ခွင့်ရကြပါစေဟု ဆုတောင်းပတ္တနာ ပြုလိုက်ပါသည်။

ဆရာတော်၏မိန်ခွန်းပါသော နေပြည်တော်ဂျာနယ်များကို နိုင်ငံရေးခေါင်းဆောင်တစ်ဦးဖြစ်သူ သခင်ထွန်းအုပ်ထံမှရသဖြင့် များစွာ ကျေးဇူးတင်ပါ၏။